ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ထောင်းဖာဖူးမြို့နယ်၊ ဘန့်ဟင်လဲမ်ရွာရှိ တောအုပ်တစ်ခုအတွင်း တရားမဝင်မြန်မာလုပ်သား ၁၆၂ ဦးဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် ကန်ချနာဘူရီသတင်းဌာနမှဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက အဆိုပါတောအုပ်အတွင်း မသင်္ကာဖွယ်လူအုပ်တစ်စုကိုတွေ့ရှိထားကြောင်း ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားလာသဖြင့် သက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ထိုင်းဘာသာစကားနားမလည်သည့်အပြင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦး၊ ကလေးငယ် ၁၃ ဦး စုစုပေါင်း ၁၆၂ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ အဆိုပါ ၁၆၂ ဦးသည် ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဘန်ကောက်၊ ချွန်ပူလီတို့အပြင် မလေးရှားနိုင်ငံတို့ထံ အလုပ်သွားလုပ်ရန် တောလမ်းမှတဆင့် လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်ပြီး ပွဲစားအား တစ်ဦးလျှင် ဘတ် ၄၀၀၀၀ ထိပေးချေခဲ့ရကာ ကားဖြင့်လာခေါ်မည်ကိုစောင့်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။