နေခြည်မှာရွှေရည်လောင်းသောပန်းကလေးများ မပွင့်လန်းတော့ပါ

ဆောင်းပါး - သတင်းဆောင်းပါး | Nov 23, 2025

News Thumbnail

နေပူရှိန်ပြင်းလွန်းသည့်ကွင်းပြင်တလျှောက် ပိန်ပါးသွယ်လျနေသည့်အသက် ၁၂ နှစ်အရွယ် မောင်ထက်တစ်ယောက် သူ့ခန္ဓာကိုယ်နှင့်မမျှအောင်လေးလံလှသည့် အုတ်ခဲ ၁၅ လုံးပါခြင်းတောင်းကိုပခုံးဖြင့်ထမ်းပိုးပြီး ဝယ်သူများ၏ကားဆီသို့ ခေါက်တုံ့ခေါက်ပြန် သယ်ယူပို့ဆောင်နေသည်။

အုတ်ဖုတ်မီးဖိုမှ ထွက်လာသည့်အပူငွေ့များ၊ အကာအရံမဲ့ ကွင်းပြင်ပေါ်သို့အပူအရှိန်ပြင်းပြင်းကျရောက်နေသည့် နေရောင်ခြည်နှင့် ခြောက်သွေ့သော မြေပြင်မှပြန်တက်လာသော အပူရှိန်တို့ပေါင်းစပ်နေသော ထိုပတ်ဝန်းကျင် သည် မောင်ထက်ကဲ့သို့ကလေးတစ်ဦး အလုပ်လုပ်ရန် မည်သို့မျှ မအပ်စပ်ပေ။

ပူပြင်းသည့်နေဒဏ်ကို နေ့စဉ်တိုင်းလို ခံထားရ၍ ညိုညစ်ညစ်ဖြစ်နေသော သူ့အသားအရေပေါ်တွင် ချွေးတရွှဲရွှဲစီးကျနေသည်။ ချွေးများနှင့်အတူ ဖုန်မှုန့် နှင့်ရွှံ့ များသည် သူ့အရေပြားပေါ်၌ ရေနီချောင်းသဖွယ် စီးဆင်းကာ ပေပွလျက်ရှိသည်။

 ပုခုံးတွေဆို တော်တော်နာတယ်။ စစလုပ်တုန်းကတော့ ပိုနာတာပေါ့။ အခုတော့နေသားကျလာပြီ" ဟု မောင်ထက်က ပြောသည်။

မောင်ထက်၏ပုခုံးသားများမှာ အုတ်ခဲအလေးချိန်၏ ဝန်ပိမှုဒဏ်ကြောင့် နီရဲနေပြီး ညအိပ်ယာဝင်ချိန်တွင် နာကျင်ကိုက်ခဲမှုဒဏ်ကို ခံစားရကြောင်း သူက ဖွင့်ဟသည်။

မြစ်၀ကျွန်းပေါ် ဧရာဝတီတိုင်းဇာတိ ဖြစ်သော မောင်ထက်တို့မိသားစုသည် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် ကြပ်တည်းခက်ခဲလာသောစီးပွားရေးအခြေအနေအကြား အကြွေးများနစ်ကာ နေအိမ်ကိုပင် ရောင်းချဖြေရှင်းရသည့် အထိဆိုးရွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရွယ်မရောက်သေးသော ကလေးငယ်ပေါင်းများစွာသည် အုတ်ဖုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဲ့သို့သော အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရသကဲ့သို့ ပဋိပက္ခများနှင့်မတည်ငြိမ်မှုများကြောင့် ကျောင်းနေအရွယ် ကလေးပေါင်း သန်းကျော်သည် ပညာသင်ခွင့် ဆုံးရှုံးနေရကြောင်း အရပ်ဖက်အဖွဲ့ အစည်းတစ်ခုဖြစ်သော ISP မြန်မာက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားသည်။

မောင်ထက်မိသားစုသည် နေစရာအိမ်ပင် မရှိတော့သည့် ဘဝအခြေအနေကိုရင်ဆိုင်ရချိန်တွင် နေထိုင်ခွင့်နှင့် အလုပ်အကိုင်ရရှိမည့် မွန်ပြည်နယ်၊ သထုံမြို့ရှိ အုတ်ဖုတ်လုပ်ငန်းတစ်ခုသို့ ၂၀၂၃ခုနှစ်တွင် မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။

သူတို့မိသားစုတွင် နာတာရှည်ရောဂါ ခံစားနေရသော ဖခင်၊ မူလတန်ကျောင်းတက်နေသော အသက် နှစ်အရွယ် ညီဖြစ်သူနှင့် ရင်ခွင်ပိုက်အရွယ် နှစ်အရွယ် ညီမငယ်တစ်ဦးလည်း ရှိသည်။ ထို့ကြောင့် မိသားစုတာဝန်ကို မိခင်ဖြစ်သူကသာ အဓိကတာဝန်ယူနေရသည်။

 သူတို့အလုပ်လုပ်ကိုင်ရာ ကျေးရွာရှိ စာသင်ကျောင်းတွင် မောင်ထက်ကို ကျောင်းတစ်လခန့် ထားပေးခဲ့သေး သော်လည်း၊ မိခင်ဖြစ်သူတစ်ယောက်တည်း၏ ဝင်ငွေဖြင့် မိသားစုစားဝတ်နေရေး မပြေလည်လာတော့၍ မောင်ထက်ကို အလယ်တန်းကျောင်းမှ ထွက်ခိုင်းပြီး လုပ်ငန်းခွင်သို့ ဝင်စေခဲ့သည်။

မဖြစ်မနေမို့သာ ထွက်ခိုင်းလိုက်ရတာ။ စိတ်ထဲတော်တော်လေး မကောင်းဘူး။ ကျွန်မကလည်း ကလေးငယ်ကတစ်ဖက်၊ သူတို့အဖေကလည်း ကျန်းမာရေးမကောင်းတော့ အလုပ်က နေ့တိုင်းမဆင်းနိုင်ဘူးလေ " ဟု မောင်ထက်၏ မိခင်က ဆိုသည်။

ယခု အုတ်ဖုတ်လုပ်ငန်း၌ မောင်ထက်သည် တစ်ရက်လျှင် လုပ်အားခ ,၀၀၀ ကျပ်ခန့်ရရှိပြီး သူ့မိခင်မှာမူ ၁၅,၀၀၀ ခန့် ရရှိနေသည်။

 ယခင်က မိခင်တစ်ဦးတည်း၏ ဝင်ငွေဖြင့် စားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့သော်လည်း တရိပ်ရိပ်တက်လာသောကုန်ဈေးနှုန်းများ နှင့် ဖခင်၏ကျန်းမာရေးစရိတ်တို့ကြောင့် မောင်ထက်သည် ကျောင်းပညာရေးကို လက်လွှတ်ကာ မိသားစုတာဝန်ကို ထမ်းရွက်ခဲ့ရခြင်း ဖြစ်သည်။

မောင်ထက်သည် အင်ဂျင်နီယာတစ်ဦး ဖြစ်လာရန်မျှော်မှန်းထားသော်လည်း ခက်ခဲကြမ်းတမ်းပြီး အရွယ်နှင့်မလိုက်သော တာဝန်များဖြင့် ရုန်းကန်နေရသည့်ဘဝအခြေအနေများကြောင့် ကျောင်းပညာရေးကို လက်လွှတ်ထား၍ ထိုအိပ်မက်မှာ ပျောက်ဆုံးလုနီးပါး ဖြစ်နေသည်။

 မည်မျှပင် ခက်ခဲနေပါစေ မောင်ထက်သည် တချိန်ချိန်တွင်ကျောင်းပြန်တက်ရလိမ့်မည်ဟုမျှော်လင့်ကာ သူ့ခေါင်းအုံးအောက်တွင် ကျောင်းစာအုပ်များနှင့် ပြည့်ခဲ့ဖူးသော လွယ်အိတ်လေးကို သိမ်းဆည်းထားဆဲဖြစ်သည်။

 "သားက သူအင်ဂျင်နီယာဖြစ်ရင် အမေတို့အတွက်အိမ်ဆောက်ပေးမယ်လို့ ခဏခဏပြောတတ်တယ်ဟု မောင်ထက်၏ မိခင်က ပြောသည်။

 အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၂၀၁၅ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေးလုပ်သား .၁၂၅ သန်းခန့် ရှိခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း စီးပွားရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဤအရေအတွက်သည် သိသိသာသာ မြင့်တက်လာနိုင်ကြောင်း ILO က ၂၀၂၃/၂၀၂၄ ခုနှစ်များတွင် သတိပေး ပြောကြားထားသည်။

ဆယ်ကျော်သက်အရွယ် လူငယ်အများစုမှာမူ ပြည်တွင်းရှိ လုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသလို အချို့မှာလည်း ထိုင်း၊ မလေးရှားနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြလျက်ရှိသည်။

 ထိုသို့ အိမ်နီးချင်းနိုင်ငံများအထိ ထွက်ကာ အလုပ်လုပ်နေရသော ကလေးများထဲတွင် မွန်ပြည်နယ်၊ သထုံမြို့မှ အသက် ၁၁ နှစ်အရွယ်သာရှိသေးသည့် မစုစု လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

သူမသည် လွန်ခဲ့သောနှစ်က စတုတ္ထတန်း တက်ရောက်ရမည့်အရွယ်ဖြစ်ပြီး မိခင်၏ နှလုံးရောဂါနှင့် မိသားစု စီးပွားရေးအကြပ်အတည်းများကြောင့် ကျောင်းစာသင်ကျောင်းကိုစွန့်ခွာခဲ့ရသည်။

သူမသည် တတိယတန်းအရွယ် မောင်ငယ်နှင့် ပထမတန်းအရွယ် ညီမငယ်တို့ကိုထားခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ခဲ့ရသည်။

" ၄ရက်လောက် လမ်းလျှောက်ရတယ်။ တောင်တွေ တစ်တောင်ပြီးတစ်တောင်တက်ရတယ်။ တအားပင်ပန်းတယ်၊ မသွားချင်ဘူး အိမ်ပြန်ချင်တယ်ဆိုပြီး လမ်းမှာငိုလာခဲ့တာ"ဟု မစုစုက သူမ၏ လမ်းခရီးအတွေ့အကြုံကို ပြန်ပြောပြသည်။

 ထိုင်းနိုင်ငံသို့ ရောက်ချိန်တွင် သူမသည် နိုင်ငံတောင်ပိုင်းရှိ ဆုန်ခလာခရိုင်၊ ဘန်ကလာမြို့နယ်ထဲက ရာဘာခြံတစ်ခုတွင် ရာဘာစေးခြစ်သည့်အလုပ်ကို ဖခင်နှင့်အတူလုပ်ကိုင်ခဲ့ရသည်။ သူမ၏ အလုပ်ချိန်သည် တခြားသော ကလေးငယ်များရှင်သန်နေထိုင်နေရသည့် ဘဝစက်ဝန်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

သူမနှင့်ရွယ်တူ ကလေးငယ်များအိပ်စက်အနားယူနေသည့် ၁၀ နာရီမှစတင်ကာ မနက် နာရီခွဲအထိ မနားတမ်း ရာဘာစေးများ ခြစ်နေရသည်။ ထို့နောက်ခေတ္တအနားယူကာ မနက် နာရီမှ ၁၀ နာရီအထိ ထပ်မံလုပ်ကိုင်ရပြန်သည်။

" သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပြီး ကျောင်းဆက်တက်ချင်တယ်။ ဒါပေမဲ့ ကြာလာတော့လည်း နေတတ်သွားတာပဲ။ ဖြစ်နေတဲ့အခြေအနေနဲ့ နေသားကျသွားတာပဲ။ အဒေါ်တွေက ဆရာမဆိုတော့ ကြီးလာရင် ဆရာမဖြစ်ချင်ခဲ့တာ။ ခုတော့လဲ ဒီလိုပဲ ကိုယ်အဆင်ပြေတာပဲ ရှာလုပ်ရမှာပဲ "ဟု မစုစုက ဆိုသည်။

အင်တာနက်ပြတ်တောက်မှုများအပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ တိုက်ပွဲများကြောင့် စစ်ရှောင် နေရသော တချို့ဒေသမှ ကလေးများသည်လည်း ကျောင်းပညာရေးနှင့်ကင်းကွာနေကြရသည်။

 ထိုကလေးငယ်များထဲတွင် အသက် နှစ်အရွယ် ကရင်ကလေးငယ် ဖိုးမူသည်လည်း တိုက်ပွဲများကြောင့်  မိဘများနှင့်အတူ တောထဲ၌ စစ်ရှောင်နေရသူဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ လက်အောက်တွင်ရှိသော သထုံမြို့နယ်ထဲရှိ ဖိုးမူတို့ရွာကျောင်းတွင်လည်း တိုက်ပွဲများကြောင့် ဆရာ၊ဆရာမများ မရှိကြတော့ပေ။

ဖိုးမူတို့ရွာမှ ငွေကြေးချမ်းသာသော မိသားစုများမှ ကလေးအချို့က တိုက်ပွဲလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့ ကျောင်းတက်နိုင်ကြသော်လည်း၊ ဖိုးမူ ကဲ့သို့ ဆင်းရဲပြီး ငွေကြေးမတတ်နိုင်သော ကလေးငယ်များမှာ ကျောင်း ဆက်တက်ခွင့် မရရှိကြပေ။

 တိုက်ပွဲမဖြစ်သော အချိန်များတွင် အိမ်၌နေရပြီး၊ တိုက်ပွဲဖြစ်လာပါက မိဘများနှင့်အတူ တောထဲပြေးပုန်းကာ မိဘများကို ကူညီလုပ်ကိုင်ပေးနေရသည်။

 ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အစီရင်ခံစာများအရ မြန်မာနိုင်ငံရှိ ကျောင်းနေအရွယ် ကလေးသူငယ် ဒသမ သန်းခန့်သည် ပဋိပက္ခများကြောင့် ပညာရေး အထောက်အပံ့များ လိုအပ်နေသည်။

 ထို့အပြင် UNICEF Myanmar Situation Report No. 10 ၂၀၂၃-၂၄ ပညာသင်နှစ်တွင် ပြည်တွင်းရွှေ့ပြောင်း၊ နေရပ်ပြန်နှင့် နိုင်ငံမဲ့ ကလေးငယ် ၅၇၉,၀၀၀ ကျော်သည် ပုံမှန်ပညာသင်ကြားခွင့် လုံးဝမရရှိခဲ့ကြောင်း ဖော်ပြထားသေးသည်။

ကလေးငယ်များ ပညာရေးနှင့်ကင်းကွာလာခြင်းသည် နိုင်ငံ၏ ရေရှည်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ အနာဂတ် လုပ်သားအင်အားစု၏ အရည်အသွေး၊ နိုင်ငံတကာနှင့် စီးပွားရေးအရသော်လည်းကောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်းကောင်း ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်ကြောင်း ပညာရေးဆိုင်ရာ အကြံပေးအဖြစ်လုပ်ကိုင်ပေးနေသူများက ပြောဆိုကြသည်။

တိုင်းပြည်တစ်ပြည်မှာ ပညာရေးက အဓိကပဲ။ ပညာနိမ့်ကျရင် အဖက်ဖက်က နိမ့်ကျမယ်။ အဲဒီအခါကျရင် တိုင်းပြည်ရဲ့ထုတ်ကုန်က ကျွန်တွေပဲ ဖြစ်လာလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့က လက်ရှိ တည်ငြိမ်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင်ကို တော်တော်ကို နောက်ကောက်ကျကျန်ခဲ့တဲ့ အနေအထားမှာဖြစ်နေပြီဟု ပညာရေးဆိုင်ရာ အကြံပေးအဖြစ်လုပ်ကိုင်ပေးနေသူ တစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းခြင်း၏အကျိုးဆက်များကြောင့် စာသင်ခန်းအတွင်း အေးချမ်းစွာပညာသင်ကြားနေကြရမည့် မောင်ထက်၊ မစုစု၊ ဖိုးမူတို့ကဲ့သို့ ကလေးငယ်များစွာမှာ ကျောင်းပညာရေးနှင့်ကွာဝေးခဲ့ကြရသည်။

ကလေးငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးလာသည်နှင့်အမျှ တိုင်းပြည်၏အနာဂတ်မှာလည်း ပိုမိုမှောင်မိုက်လာမည်မှာ ဧကန်မုချပင်ဖြစ်တော့သည်။

🔙 Back to News