“တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ကို စစ်တပ်မိသားစုနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား အမိန့်ဖြင့်မဖြစ်မနေကြည့်ရှုခိုင်းရန် စစ်ကောင်စီ စီစဉ်နေ

ပြည်တွင်းသတင်း - အနုပညာ | Mar 21, 2026

News Thumbnail

စစ်ကောင်စီဝါဒဖြန့်ချိရန်ရိုက်ကူးထားသော Battle Of Taung Hkam (ခ)  တိမ်ပင်လယ်ခရီးကြမ်း ရုပ်ရှင်ကို ရုပ်ရှင်ရုံများတွင်ရုံတင်ပြသခဲ့သော်လည်း ကြည့်ရှုသူမရှိသလောက်နည်းပါးသဖြင့် အခမဲ့ပြသရန်ပြင်ဆင်နေကြောင်း သိရသည်။

ထို့ကြောင့် မြ၀တီစင်တာတွင် စစ်တပ်ထောက်ခံသူများနှင့်စစ်တပ်မိသားစုများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးကာ အမိန့်ဖြင့်လာရောက်ကြည့်ရှုရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ စစ်တပ်နဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို တအိမ်တက်တစ်အိမ်ဆင်း အမိန့်နဲ့ မဖြစ်မနေကြည့်ရမယ်လို့ ဖိအားပေးတာတွေရှိတယ်လို့ကြားတယ်။ ဝါဒဖြန့်ဇာတ်ကားဆိုတော့ ရုပ်ရှင်ရုံတွေမှာသွားကြည့်ရင် ဘောမတွေမှန်းပေါ်မှာစိုးလို့ထင်တယ်။ ကြည့်တဲ့သူမရှိကြဘူးလေ။ အခုတော့ သူ့လူနဲ့၊ သူ့အရပ်နဲ့ ကြည့်သူရှိသွားမှာပေါ့” ဟု စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်)ရိုက်ကူးခဲ့ကာ နက္ခတ်၊ ထူးခန့်ကျော်၊ အောင်ကျော်ထွန်း၊ နေနော်၊ နေလင်းရှိန်၊ စိုးသီဟ၊ နက်ရှိုင်းကို၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်၊ ဉာဏ၊ မြယာနှင့် မြနန္ဒာတို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင်ပြသခဲ့သော “စောင်နီလေးတထည်” ဝါဒဖြန့်ဇာတ်ကားရိုက်ကူးခဲ့သော ဒါရိုက်တာဗိုလ်မှူးတင်အောင်စိုး (ပန်းမြို့တော်)သည် ၂၀၂၃ ခုနှစ်တွင်အကယ်ဒမီရရှိခဲ့သေးသည်။

🔙 Back to News