၂၀၂၂ ခုနှစ်၊ မေလ၏ ပူပြင်းခြောက်သွေ့သော ညတစ်ည။ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၏ မှောင်ရိပ်တနေရာတွင် မဇာ (အမည်လွှဲ) တစ်ယောက် ရင်တထိတ်ထိတ်နှင့် အသက်ရှူပင် မဝံ့ဘဲ ရှိနေခဲ့သည်။
အပြင်ဘက်တွင် စစ်တပ်၏ စစ်ကားသံများ၊ အော်ဟစ်များနှင့်အတူ မီးထွန်းရှာဖွေနေသံများ ဆူညံနေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် သူမ၏ခင်ပွန်းဖြစ်သူကို စစ်ကောင်စီက ညဘက် ဧည့်စာရင်းစစ်ရာမှ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်မှာ တစ်ပတ်ပင် မရှိသေးပေ။ ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီးနောက် သူမနှင့် သူမ၏ သားသမီး ၃ ဦး၏ အမည်များသည်လည်း စစ်တပ်၏အလိုရှိစာရင်းသို့ ရောက်ရှိသွားခဲ့လေသည်။
"မေမေ... သားတို့ ဘယ်သွားကြမှာလဲ" ဟု အသက် ၉ နှစ်အရွယ် အကြီးဆုံးသားလေးက တိုးတိုးလေး မေးရှာသည်။ မဇာသည် သူမ၏ ရင်ခွင်ထဲ၌ အိပ်ပျော်နေသော ၁ နှစ်ခွဲအရွယ် သမီးငယ်လေးကို ပွေ့ဖက်ထားရင်း၊ ၅ နှစ်အရွယ် သားလတ်လေး၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့သည်။
သူမတွင် ရွေးချယ်စရာ မရှိခဲ့ပါ။ တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှု ကင်းမဲ့သွားခြင်း၊ နေ့စဉ်နှင့်အမျှ ကြောက်ရွံ့ထိတ်လန့်နေရခြင်းတို့ကြောင့် စစ်တပ်၏ လိုက်လံဖမ်းဆီးမှုရန်မှ လွတ်မြောက်ရန် ကလေး ၃ ယောက်နှင့်အတူ ကရင်ပြည်နယ်၊ မြ၀တီမြို့မှ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရန် ဆုံးဖြတ်ခဲ့တော့သည်။
မဲဆောက်မြို့သို့ ရောက်ရှိရန် လမ်းခရီးသည် သေမင်းနှင့် လောင်းကြေးထပ်ရသော ခရီးတစ်ခုဖြစ်ခဲ့သည်။ တောလမ်းအတိုင်း ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရပြီး စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းခဲ့ရသည်။ ကလေး ၃ ယောက်၏ ပင်ပန်းနွမ်းနယ်မှု၊ အစားအစာ လိုအပ်ချက်နှင့် ဖျားနာမှုများကို မိခင်တစ်ယောက်တည်း ဒဏ်ခံကာ ရင်ဆိုင်ခဲ့ရသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လဆန်းတွင် မဇာတို့မိသားစုသည် သောင်ရင်းမြစ်ကို စက်လှေငယ်တစ်ခုဖြင့် မှောင်ခိုကူးကာ မဲဆောက်ဘက်ကမ်းသို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း နယ်စပ်ကို ဖြတ်ကျော်လိုက်ရုံဖြင့် ဒုက္ခများ ပြီးဆုံးမသွားခဲ့ပါ။ မဲဆောက်မြို့သို့ ရောက်ရှိချိန်တွင် သူမတွင် ပါလာသော ငွေကြေးမှာ ကုန်လုနီးပါး ဖြစ်နေပြီး ထိုင်းနိုင်ငံ၌ တရားဝင်နေထိုင်ခွင့်စာရွက်စာတမ်း တစ်စုံတစ်ရာမျှမရှိခဲ့ပေ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ဘေးရှောင်များ၊ CDM များနှင့် စစ်တပ်၏ လိုက်လံဖမ်းဆီးခံရသူများဖြင့် ပြည့်နှက်နေသော မြို့တစ်မြို့ ဖြစ်လာခဲ့သည်။
ထိုမြို့၌ တရားမဝင်နေထိုင်သူများအတွက် ရဲဖမ်းဆီးခံရမည့် ဘေးအန္တရာယ်သည် အချိန်မရွေး ကြုံတွေ့နိုင်သော အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။ မဇာသည် ကလေး ၃ ယောက်ကို လက်ဆွဲကာ နယ်စပ်၏ မရေရာသော အနာဂတ်ထဲသို့ စတင်ခြေလှမ်းခဲ့ရသည်။
မဲဆောက်မြို့သို့ရောက်ရှိပြီး ၁ လမပြည့်မီကာလတွင် စိုက်ပျိုးရေးခြံတစ်ခုတွင် သွပ်မိုး၊ ထိန်းတိုင် ပလတ်စတစ်စကာထားသော အခန်းငယ်တစ်ခုကို မဇာတို့ ငှားရမ်းနိုင်ခဲ့သည်။ တစ်လလျှင် ထိုင်းဘတ်ငွေ ၁၀၀၀ ပေးရသော ထိုအခန်းငယ်သည် သူမတို့ မိသားစုလေးအတွက် သေနတ်သံများမှ လွတ်မြောက်ရာ ခိုလှုံရာတစ်ခု ဖြစ်လာခဲ့သော်လည်း စားဝတ်နေရေး စိန်ခေါ်မှုက ချက်ချင်းဆိုသလို စတင်လာခဲ့သည်။
ကလေး ၃ ယောက်၏ ကုန်ကျစရိတ်သည် လွယ်ကူလှသည်မဟုတ်။ အငယ်ဆုံးမလေးအတွက် နို့မှုန့်၊ သီးသန့် အစားအစာများနှင့် သီးသန့် အနှီးများ၊ သားကြီးနှစ်ယောက်အတွက် နေ့စဉ် စားသောက်စရိတ်နှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များက မိခင်တစ်ယောက်၏ ပခုံးပေါ်သို့ အဆမတန် ဖိစီးလာခဲ့သည်။
မမိုးသည် ကလေးများကို ပစ်ထားပြီး အပြင်ထွက် အလုပ်မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် အနီးအနားရှိ အထည်ချုပ်စက်ရုံများမှ အထည်အပိုများကို အိမ်သို့ ယူဆောင်ကာ ညဘက်တွင် အပ်ချုပ်ပေးသည့်အလုပ်၊ ဟင်းသီးဟင်းရွက် ဒေသထွက်ကုန်များကို ဆွတ်ခူးရောင်းချပေးသည့် အလုပ်များကို လုပ်ကိုင်ခဲ့ရသည်။
"ကျွန်မ မပင်ပန်းပါဘူး၊ ကလေးတွေ ဗိုက်ဆာလို့ ငိုသံကြားရတာထက်စာရင် ညဘက် မအိပ်ဘဲ အထည်ချုပ်ရတာက ကျွန်မအတွက် ပိုပြီးခံသာပါတယ်" ဟု မဇာက သူမ၏ မျက်ရည်များကို သုတ်ရင်း ဆိုသည်။
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူများ ဖြစ်သည့်အတွက် ခေါင်းပုံဖြတ် အလုပ်ခိုင်းစေမှုများကိုလည်း ကြုံတွေ့ခဲ့ရသည်။ ပုံမှန်ရသင့်သော လုပ်ခလစာ၏ ထက်ဝက်ခန့်ကိုသာ ရရှိခဲ့သော်လည်း ငြင်းပိုင်ခွင့် မရှိခဲ့ပေ။ ရဲဖမ်းမည်ကို ကြောက်ရွံ့ရသဖြင့် မည်သည့်တိုင်ကြားမှုမျှ မလုပ်ဝံ့ဘဲ ကြိတ်မှိတ်သည်းခံခဲ့ရသည်။
မဇာသည် စစ်တပ်က လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးလာရသူဖြစ်သဖြင့် အိမ်အပြင်သို့ ထွက်သည့်အခါတိုင်း စိုးရိမ်စိတ် လွန်ကဲခြင်း (PTSD) ကို ခံစားခဲ့ရသည်။ လမ်းပေါ်တွင် ထိုင်းရဲကား သို့မဟုတ် စစ်ကားတွေ့ပါက ရင်တုန်လှုပ်ချောက်ချားပြီး ပုန်းအောင်းနေရလေ့ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော ခင်းပွန်းဖြစ်သူ၏ သတင်းကိုလည်း တိတိကျကျ မသိရတော့ပေ။ ထောင်ဒဏ် ကျခံနေရသည်ဟု သတင်းစကား ကြားရသော်လည်း အဆက်အသွယ် လုံးဝပြတ်တောက်နေခဲ့သည်။ စိတ်ဓာတ်ကျဆင်းစရာ အခြေအနေများ၊ မျှော်လင့်ချက်မဲ့လွန်းသော နေ့ရက်များကြားတွင် မဇာကို ဆက်လက်ရှင်သန်စေခဲ့သည့် တစ်ခုတည်းသော တွန်းအားမှာ သူမ၏ ကလေး သုံးယောက်ပင် ဖြစ်သည်။
"တစ်ခါတလေကျရင် စိတ်တွေတအားကျပြီး လက်လျှော့လိုက်ချင်တယ်။ ဒါပေမဲ့ ကလေးတွေရဲ့ မျက်နှာကို ကြည့်လိုက်ရင် ကျွန်မ အားတင်းရတယ်။ ကျွန်မလဲကျသွားလို့ မဖြစ်ဘူး၊ ကျွန်မ လဲသွားရင် ဒီကလေးတွေ ဘာဖြစ်သွားမလဲဆိုတဲ့ အသိက ကျမကို မနက်တိုင်း အသက်ဆက်ရှင်ဖို့ အားအင်တွေ ပေးခဲ့တာပါ" ဟု မဇာကဆိုသည်။
ကလေးများ၏ ပညာရေးသည်လည်း မဇာအတွက် ဝေဒနာတစ်ခု ဖြစ်ခဲ့သည်။ တရားမဝင် နေထိုင်သူများဖြစ်၍ ပုံမှန် ထိုင်းကျောင်းများသို့ တက်ရောက်ရန် ခက်ခဲခဲ့သည်။ သို့သော်လည်း မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းအချို့၏ ကူညီမှုကြောင့် အသက် ၉ နှစ်နှင့် ၅ နှစ်အရွယ် သားနှစ်ဦးကို ပညာသင်ကြားခွင့် ရရှိအောင် စီစဉ်ပေးနိုင်ခဲ့သည်။ ထိုရွှေ့ပြောင်းကျောင်းများသို့ ကလေးများကို လိုက်ပို့သည့် လမ်းခရီးသည်ပင်လျှင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။
မဲဆောက်မြို့သည် ဒုက္ခများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် လူသားချင်းစာနာမှု အလင်းရောင်များ တောက်ပရာနေရာတစ်ခုလည်း ဖြစ်သည်။ မဇာကဲ့သို့သော စစ်ဘေးရှောင်များနှင့် အာဏာသိမ်းမှုကြောင့် ထွက်ပြေးလာသူများအတွက် ဒေသတွင်း မြန်မာအရပ်ဘက် အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ထိုင်းလူမှုကူညီရေး အဖွဲ့အစည်းများက တတ်နိုင်သမျှ ကူညီပေးလျက်ရှိသည်။
မဇာ၏ အခက်အခဲဆုံးအချိန်များတွင် ရွှေ့ပြောင်းအမျိုးသမီးများ ကွန်ရက်များနှင့် နယ်စပ်အခြေစိုက် ကူညီရေးအဖွဲ့များထံမှ ဆန်၊ ဆီနှင့် ကလေးများအတွက် သာမန် ဆေးဝါးအကူအညီများကို ရရှိခဲ့သည်။ ထို့အပြင် မဲဆောက်သို့ ရောက်ရှိနေသည့် အခြားသော စစ်ဘေးရှောင် မိသားစုများနှင့်လည်း အချင်းချင်း ဖေးမကူညီကြသည်။ တစ်အိမ်နှင့်တစ်အိမ် ဟင်းရွက်ကလေးများ ဝေမျှစားခြင်း၊ ကလေးများကို ဝိုင်းဝန်းကြည့်ရှုပေးခြင်းများဖြင့် ဒုက္ခနယ်မြေ၌ သံယောဇဉ်တံတား ခင်းခဲ့ကြသည်။
ဤကဲ့သို့သော အချင်းချင်း ကူညီဖေးမမှုများသည် မဇာအား "ငါတစ်ယောက်တည်း မဟုတ်ပါလား" ဆိုသော စိတ်ဓာတ်ခွန်အားကို ပေးစွမ်းနိုင်ခဲ့ပြီး နယ်စပ်မြေ၌ ကြံ့ကြံ့ခံနိုင်ရန် ထောက်တိုင်တစ်ခု ဖြစ်လာခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပြီး နယ်စပ်ဒေသအသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်မှာလည်း နိစ္စဓူဝ တိုးပွားလျက်ရှိသည်။
လက်ရှိအချိန်တွင် မဇာသည် ကလေးသုံးယောက်နှင့်အတူ မဲဆောက်မြို့၏ ရွှေ့ပြောင်းအလုပ်သမား ဘဝတွင် ၄ နှစ်တာကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်နေ့တစ်နေ့ ပင်ပန်းကြီးစွာ ရုန်းကန်နေရဆဲဖြစ်သည်။
"ကျွန်မ ဘာမှ အများကြီး မမျှော်လင့်တော့ပါဘူး။ ကျွန်မကလေးတွေ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာဖို့၊ ပညာတတ်ဖို့ပဲ စိတ်ကူးတော့တယ်။ပြီးတော့ တိုင်းပြည်မှာ တရားဥပဒေ ပြန်စိုးမိုးလာပြီး အိမ်ကို လုံလုံခြုံခြုံ ပြန်နိုင်မယ့်နေ့ကိုပဲ အသက်ဆက်ပြီး စောင့်ဆိုင်းနေပါတယ်" ဟု မဇာက ပြောသည်။
မဲဆောက်၏ ညနေခင်း နေဝင်ချိန်တွင် သောင်ရင်းမြစ်ဘက်မှ တိုက်ခတ်လာသော လေပြေသည် အေးမြသလိုလိုရှိသော်လည်း မဇာ၏ ရင်ထဲ၌မူ တိုင်းပြည်နှင့် အိမ်ပြန်ချင်သည့် အပူမီးများ တောက်လောင်နေဆဲဖြစ်သည်။
မဇာကဲ့သို့သောမိခင်တစ်ယောက်၏မေတ္တာနှင့် ကြံ့ကြံ့ခံစိတ်သည် အမှောင်ထုအတိ ဖုံးလွှမ်းနေသော နယ်စပ်မြေ၌ ကလေး ၃ ယောက်၏ အနာဂတ်အတွက် လမ်းပြကြယ်တစ်ပွင့်အဖြစ် ဆက်လက် လင်းလက်နေပေဦးမည်။